zayyarmon

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

Monday, April 30, 2012

အချစ်ဆိုသည်မှာ - - -

> ကိုယ့်ဖက်က အရမ်းချစ်သလောက် သူ့ဖက်က ပြန်မချစ်သည့်အခါ အရမ်းခံရခက်သည်ဟု လူအများက လက်ခံထားကြလေသည် ။ လုံးဝလွဲမှားနေသည် ။ သူ့ဖက်က ပြန်ချစ်သည်မချစ်သည်မှာ သူ၏ စိတ်ခံစားချက် သူ့အပိုင်းသာဖြစ်ပြီး ကိုယ့်ဖက်က သူ့ကို ချစ်နေဖို့သာ အဓိက ကျနေသည်မဟုတ်လား ။

> ကိုယ်က ချစ်တယ်ဟု ဖွင့်ပြောပြီးသည့်အခါ ဘယ်တော့အဖြေပေးမှာလဲဟုတောင်းခံကြခြင်းမှာလည်း တကယ်တော့ အတော်အူကြောင်ကြောင်နိုင်သောကိစ္စဖြစ်သည် ။ ကိုယ်သူ့ကို ချစ်တယ်ဟုဖွင့်ပြောခြင်းမှာ ကိုယ်ချစ်နေခြင်းသူသိစေရန် ဖွင့်ဟ၀န်ခံခြင်းသက်သက်ပင်ဖြစ်သည် ။ သူ့ဆီက အဖြေလိုချင်သည် ထိုအဖြေမှာလည်း ချစ်တယ်ဆိုသည့်အဖြေဖြစ်ပြီး သူပြန်ချစ်တာကိုပြန်လိုချင်သည်မှာတော့ ကိုယ်၏အတ္တ သက်သက်သာဖြစ်သည်မဟုတ်ပါလား ။

> တကယ့်အချစ်စစ်ဆိုသည်မှာ တစ်မိုးအောက်ထဲတွင် သူရှိနေတယ်ဆိုသည့်အသိ ၊ သူလည်းငါ့လိုပဲ ဒီကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်သွားလာနေတယ်ဆိုတဲ့ အသိကလေးနဲ့တင် ရင်ခုန်ကြည်နူးနေရတဲ့ စိတ်ခံစားမှုကလေးတစ်ခုဖြစ်တယ် ။

> အချစ်ဟာ ပူလောင်တယ်ဆိုတဲ့စကားဟာ တကယ့်အချစ်နဲ့ နက်ရှိုင်းစွာ မချစ်ဖူးသူတို့ပြောတာဖြစ်လိမ့်မယ် ။ ပိုင်ဆိုင်ရခြင်း မပိုင်ဆိုင်ရခြင်း ဝေးကွာခြင်း နီးစပ်ခြင်း စတဲ့ အရှိတရားတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ အချစ်ဟာ ပူလောင်စရာတွေဖြစ်လာတော့တယ် ။ သူနဲ့အတူမနေရလို့ သူနဲ့အတူမပေါင်းရလို့ စသဖြင့် စိတ်ဒုက္ခကြီးစွာ ရောက်ကြရတယ် ။ တကယ်တော့လည်း ပေါင်းစပ်ရခြင်း မပေါင်းစပ်ရခြင်း ဝေးကွာခြင်း စတာတွေကို အချစ်နဲ့ရောထွေးကြမိလို့ အချစ်ဆိုတာ ပူလောင်တယ်ဆိုတာ ဖြစ်လာရတယ်မဟုတ်လား ။ အချစ်ကို သူ့ဟာသူ ထားကြည့်လိုက်ကြစမ်းပါ ။ အေးချမ်းငြိမ်သက်တဲ့ ကြည်နူးလှိုက်မောဖွယ် စိတ်ဝိဥာဉ်လေးဖြစ်တယ်ဆိုတာ တွေ့လာရပါလိမ့်မယ် ။

>အချစ်ဆိုတဲ့အရာမှာ စေတနာများစွာပါတယ် ပေးဆပ်ခြင်းများစွာပါတယ် တကယ့်အချစ်စစ်မှာ ရယူလိုမှုဆိုတာမရှိဘူး လောဘကြီးစွာ တပ်မက်တယ်ဆိုတာလည်းမရှိဘူး ကြိမ်းသေတဲ့ နိယာမတစ်ခုကတော့ “ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို နစ်နာအောင်မလုပ်ကြဘူး ” နစ်နာအောင် ကိုယ့်ကို နာကျင်အောင် လုပ်တယ်ဆိုရင်တော့အဲဒီဒါအချစ်စစ်မဟုတ်လို့ပဲ ။ အချစ်ကြီးလို့ အမျက်ကြီးတာပါဆိုတာဟာ တကယ်တော့ အူကြောင်ကြောင် ဆင်ခြေတစ်ခုသာဖြစ်တယ် ။ တကယ်သာချစ်ကြည့် သူ့ကို လက်ဖျားနဲ့ထိဖို့မဆိုနဲ့ သူ့အနားရောက်မိရင်ပဲ ကမ္ဘာမြေဟာ ပန်းတွေပဲပွင့်လာသလိုလို ကိုယ်ဟာ သီးခြားကမ္ဘာတစ်ခုထဲရောက်သွားသလိုလို ရင်ဟာ တဒုန်းဒုန်းခုန်လာပြီးခြေဖျားလက်ဖျားတွေအေးဆက်လာလေ့ရှိတယ် ။


 ----------------------------------------------------------------------------------------------------------



အပြစ်ရှိသူ

တွေ့ဖို့ကြိုးစားတာ
မျက်ကွယ်ပြုဖို့မှ မဟုတ်တာ ..

နီးဖို့ ကြိုးစားတာ
ဝေးသွားဖို့မှ မဟုတ်တာ ..

ချစ်ဖို့ကြိုးစားခဲ့တာ
မုန်းဖို့မှ မဟုတ်တာ ..

တူတူရှိဖို့ ကြိုးစားခဲ့တာ
လမ်းခွဲကြဖို့မှ မဟုတ်တာ ..

သံသယရဲ့ မြစ်ဖျားက
မင်းကို ချစ်လွန်တဲ့စိတ် ..

သ၀န်တိုမှုက
မင်းကို တန်ဖိုးထားတဲ့စိတ် ..

အရာရာကို မယုံကြည်နိုင်တာ
မင်းကို မြတ်နိုးလွန်းလို့ဆိုတာ..
မမြင်နိုင်ခဲ့တာလား
ငါကပဲ မြင်အောင်မပြမိခဲ့တာလား ..

အမှားတွေကို သိချိန်
အပြစ်တွေကိုမြင်လာချိန်မှာတော့
ပြန်ပြင်ခွင့်လေးပေးဖို့တောင်းပန်ရင်းနဲ့ပဲ ..။



--------------------------------------------------------------------------------------------------------------





                                               

Friday, April 27, 2012

ဘ၀ရဲ့ အစိတ်အပိုင်း ..

အချိန်တိုင်းသတိရချင်တာ
မင်းပါ ..

အိပ်မက်တိုင်းရဲ့ပိုင်ရှင်ကလဲ
မင်းပါ ..

အေးစက်နေတဲ့ကျောက်ရုပ်ကို
အသက်ဝင်စေတာလဲ
မင်းပါ ..

အမြဲ အတူရှိနေစေချင်တာ
မင်းပါ ..
အရာရာကိုကျော်ဖြတ်နိုင်စေတာလဲ
မင်းပါ ..

လတွေ နှစ်တွေရွေ့လျားမှုကို
အတူတူစောင့်ကြည့်ချင်တာလဲ
မင်းနဲ့ပါ ..

မင်းရဲ့ အထိအတွေ့တွေ ..
 အဖြေစကား တိုးတိုးလေးတွေ
ခုချိန်ထိခံစားလို့ရနေတုန်းပါ ..။

နေ့တိုင်း  ညတိုင်း
ကျော်ဖြတ်သွားချိန်မှာ ..

ပွေ့ဖက်ထားရတဲ့ မင်းကို
ဘယ်တော့မှ ထွက်ခွါခွင့်မပေးနိုင်ပါဘူး ..

မင်းမသိဘူးလား
မင်းကငါ့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ပေါ့ ..။

Thursday, April 26, 2012

                                       
                                                                             



အရမ်းလွှမ်း တယ်ကွာ ။



              ချစ်သူ
                အလွှမ်း ဆိုတာ
                မင်း နဲ့ ချစ်တတ်ပီး မှ
                ရှိ လာ မယ်လို့ ကိုယ်ထင်တယ် ။

          ချစ်သူ
              ကိုမင်းကို သတိရတိုင်း မိုးတစ်စက်ကျခဲ့ရင်
              မလေးရှားမှာ အမြဲတမ်း မိုးရာသီတွေ ပဲဖြစ်တော့မယ် ။

Wednesday, April 25, 2012



အခုတစ်လော အမှားတွေအကြောင်း ပြောဖြစ်ကြပါတယ်။ အမှားဆိုတာ လူတိုင်း ကြုံတွေ့တတ်တဲ့အရာ ဖြစ်သလို အမှန်နဲ့ယှဉ်ပြီး အပြောအများဆုံး စကားလုံးတစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်တစ်ခုကို စတင်ပြီဟေ့ဆိုတာနဲ့ လူတိုင်းဟာ အမှန်ဆိုပြီး လုပ်ကြတာပါပဲ။ အမှန်တွေကို လုပ်ရင်းနဲ့ အမှားတွေ ကြုံတွေ့၊ အမှားတွေကနေ သင်္ခန်းစာယူပြီး အမှန်လမ်းကို ပြန်ရောက်အောင် ကြိုးစားလျှောက်လှမ်းကြရတာပါပဲ။အမှားတွေ များပေမယ့် ခြုံကြည့်လိုက်ရင် စိတ်ကူးအမှား၊ အပြောအဆိုအမှား၊ အပြုအမူအမှားဆိုတဲ့ သုံးမျိုးကိုပဲ တွေ့ရပါလိမ့်မယ်။

အမှားဆိုတာ လူတိုင်း၊ နေရာတိုင်း ကြုံရတတ်တယ်၊ လုပ်မိတတ်တယ်ဆိုပေမယ့် သိတဲ့အချိန်မှာ ရပ်တန့်ပစ်နိုင်ဖို့ လိုပါတယ်။ အမှားတွေထဲက စိတ်ကူးမှားအဆင့်မှာ ရပ်တန့်ပစ်နိုင်ရင် အကောင်းဆုံးပါပဲ။ စိတ်ကူးအဆင့်မှာ လူမမြင်နိုင်သေးတဲ့အတွက်ရယ်၊ အခြားသူတွေကို အကျိုးသက်ရောက်မှု မရှိသေးတဲ့အတွက်ရယ် အန္တရာယ်မကြီးလှသေးပါဘူး။ ဒီအဆင့်မှာ ပြင်လိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အပြောမှားနဲ့အပြုအမူမှားကျတော့ သူတစ်ပါးနဲ့ ထိတွေ့လိုက်ရပြီ။ ကြားရသူ၊ ခံရသူဆီက အမှားရဲ့ တုန့်ပြန်မှုတွေ ရလာတော့မယ်။

အချို့က အမှားတစ်ခု ကျူးလွန်မိပြီဆိုတာနဲ့ ချက်ချင်းသိတယ်။ သိသိချင်း တောင်းပန်သင့်တာ တောင်းပန်ပြီး ပြင်လိုက်တယ်။ အချို့ကတော့ ခံရသူထံက တုန့်ပြန်မှုကို ရမှ သိတယ်။ သိသိချင်း ပြင်နိုင်ရင် သို့မဟုတ် သိသိချင်း အမှားကို ၀န်ခံလိုက်ရင် အမှားကျူးလွန်မိပေမယ့် အကျိုးဆက်က ကျေနပ်စရာအတိ ဖြစ်နေလိမ့်မယ်။ 

အမှားတွေအကြောင်း ပြောကြတိုင်း မြတ်စွာဘုရားရှင်ရဲ့ မဟာအမှားကြီးကို ထည့်ထည့်ပြောတတ်ကြတယ်။ ထမင်းမစား၊ ရေမသောက်၊ အပေါ့အပါး မသွားဘဲ ပြင်းထန်စွာ ကျင့်ခဲ့တဲ့ ဒုက္ကရစရိယာအကျင့်အကြောင်း ပြောတတ်ကြတယ်။ မြတ်စွာဘုရားလောင်းဟာ ဒီအကျင့်မှားကြီးနဲ့ ၆-နှစ်လောက် ကျင်လည်ခဲ့တာပါ။ ဒါပေမယ့် သူဟာ အာဇာနည်ပီပီ သူ့အမှားကို သူကိုယ်တိုင် သိမြင်ပြီး ပြင်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားဖြစ်သွားတယ်။ ဒါကို ကြည့်ပြီး ဒို့ဘုရားတောင် မှားခဲ့သေးတာပဲဆိုပြီး အမှားလုပ်သူတွေ ဖြေတတ်ကြတယ်။ သေချာတာကတော့ အမှားဆိုတာက ပြဿနာမဟုတ်ဘူး။ အမှားကို ၀န်ခံဖို့နဲ့ ပြုပြင်လိုက်ဖို့ပါပဲ။

ဝီလျံအာသာဝက် ပြောတဲ့ To make mistake is human, to stumble is common place, to be able to laugh at yourself is maturity ဆိုတဲ့ စကားလေးက မှတ်သားဖို့ ကောင်းတယ်။ လူဆိုတာ အမှားနဲ့ မကင်းဘူး၊ အမှားဆိုတာ နေရာတိုင်းမှာ ဖြစ်မြဲပဲ၊ အမှားလုပ်မိတဲ့အခါတိုင်း ကိုယ့်ကိုကိုယ် ပြန်ရယ်(လှောင်)နိုင်စွမ်းရှိတာကတော့ ရင့်ကျက်မှုပဲ လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ အမှားကို ၀န်ခံလိုက်တာ၊ ကိုယ်မှားလိုက်ပြီဆိုတာကို သိလိုက်နိုင်တာဟာ တန်ဖိုးရှိပါတယ်။

အမှားတွေအကြောင်း သို့မဟုတ် အမှားတွေကို ၀န်ခံလိုက်ဖို့ ပြောကြဆိုကြတိုင်း ပါဝင်တတ်တဲ့ စကားလေးတစ်လုံး ရှိပါတယ်။ အဲဒါကတော့ မာန။ အချို့က ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲပြီး ငါပြောလိုက်ရင် မမှားဘူး၊ ငါ လုပ်လိုက်ရင် မမှားဘူးဆိုတဲ့ အတွေးမျိုးတွေ ကိန်းနေတတ်တယ်။ အခြားသူက သူ့အမှားတွေကို ထောက်ပြလိုက်ရင် ငါ့အမှားတော့ လာပြောနေတယ်၊ မင်းကရော မမှားတဲ့သူမို့လို့လားလို့ ခွန်းတုန့်ပြန်တတ်ကြတယ်။

အချို့ပုဂ္ဂိုလ်များကျတော့ ကိုယ့်အမှားကို လာထောက်ပြရင် ကျေနပ်ကြတယ်။ ကျေးဇူးတင်ကြတယ်။ ၀င်စတန်ချာချီက If you simply take up the attitude of defending a mistake, there will be no hope of improvement. အမှားတွေအတွက် အမြဲတမ်း ခုခံကာကွယ်နေတဲ့ သဘောထားရှိနေရင် တိုးတက်ဖို့ဆိုတာ ဘယ်တော့မှ မျှော်လင့်လို့ မရနိုင်တော့ဘူး….လို့ ဆိုပါတယ်။ ကိုယ်ကိုကိုယ် ခပ်မြင့်မြင့်အဆင့်မှာ ရှိနေစေချင်တယ်ဆိုရင်တော့ ဘယ်သူမှားမှား အရေးမကြီးဘူး ငါမမှားဖို့ အရေးကြီးတယ်ဆိုတဲ့ ခံယူချက်ရှိရပါမယ်။ သူများတွေ အမှားလုပ်တိုင်း ကိုယ်ကလည်း အရေးမစိုက် ဆက်မှားနေမယ်ဆိုရင်တော့ ကိုယ်လည်း သူတို့လို ဖြစ်မှာပေါ့။

အမှားလုပ်မိပြီဆိုတာနဲ့ အခြားသူတွေက အပြုသဘောနဲ့ ထောက်ပြလာရင် ၀န်ခံတတ်ဖို့ လက်ခံတတ်ဖို့ လိုပါတယ်။ မာနကြောင့် ၀န်မခံနိုင်ဘူး၊ လက်မခံနိုင်ဘူးဆိုတာ အမှားပေါ်မှာ အမှားဆင့်တာပါပဲ။ အမှားကို ၀န်ခံလိုက်လို့ သိက္ခာကျသွားတယ်ဆိုတာ မရှိပါဘူး။ အမှားကို ၀န်မခံတာ၊ လက်မခံတာကမှ သိက္ခာကျတာပါ။ အဖွဲ့အစည်းတစ်ခုမှာ လက်တွဲလုပ်ဆောင်ဖို့၊ ညီညီညွတ်ညွတ်ရှိဖို့ဆိုတာ အမှားကို ၀န်ခံတတ်ဖို့လိုသလို အမှားတွေ ကျူးလွန်မိတိုင်း ဆင်ခြေလက်ခြေတွေ ပေးတတ်တဲ့အကျင့်တွေ ဖျောက်ဖို့ လိုပါတယ်။ Successful people admit faults but never make excuses အောင်မြင်သူတွေဟာ ကိုယ့်အပြစ်ကို ၀န်ခံကြတယ်။ ဒါပေမယ့် ဘယ်တော့မှ ဆင်ခြေမပေးဘူးတဲ့။

အမှားတွေထဲမှာမှ အမှားအစစ်နဲ့ နားလည်မှုလွဲတဲ့ အမှားဆိုတာတွေလည်း ရှိနေနိုင်သေးသေတယ်။ နားလည်မှုလွဲလို့ မှားတဲ့အမှားကတော့ နှစ်ဦးနှစ်ဖက် နားလည်လိုက်တာနဲ့ ပျောက်သွားပေလိမ့်မယ်။ အမှားအစစ်တွေကတော့ ၀န်ခံခြင်း၊ ပြင်ဆင်ခြင်းများနဲ့သာ အမှန်ဖြစ်နိုင်ပေလိမ့်မယ်။

အမှားတွေအကြောင်း ဟိုဟိုဒီဒီ ပြောပြီးတော့ ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်ဖြစ်တယ်။ ငါကော အမှားတွေ ကင်းရဲ့လား။ မကင်းတာ သေချာတယ်။ ဒါဆို အဲဒီအမှားတွေကို ၀န်ခံဖြစ်ခဲ့လား၊ အမှားထောက်ပြလာသူတွေကို လက်ခံကြည်ဖြူပေးနိုင်ခဲ့ရဲ့လား။ အမှားကို ၀န်ခံသလိုလိုနဲ့ အကြောင်းအမျိုးမျိုး ပြခဲ့တာတွေကရော တကယ့်အကြောင်းပြချက်တွေ ဖြစ်နေရဲ့လား။ ဆင်ခြေတွေများ ဖြစ်နေခဲ့လား။

အမှားမကင်းတဲ့လောကမှာ အမှားတွေတော့ ကျူးလွန်နေအုံးမှာပဲ။ ဒါပေမယ့် မှားသွားတာတွေအတွက် ရဲရဲဝံ့ဝံ့ ၀န်ခံတတ်ဖို့နဲ့ အမှန်ကို ဆက်လက်သွားနိုင်ဖို့တော့ ကြိုးစားသွားရမှာပဲ မဟုတ်လား။











နင်မရှိရင် ငါမနေနိုင်ပါဘူးလို့ ပြောနေတဲ့ နင့်စကားလုံးတွေရဲ့ နောက်ကွယ်က မျက်ဝန်းတွေထဲမှာ နင်ထွက်သွားလည်း ငါအဆင်ပြေပါတယ်ဆိုတဲ့ အကြည့်မျိုး ပါဝင်နေတယ်ဆိုတာ ငါသိနေခဲ့ပါတယ်။

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတာမျိုးက ပိုပြီး အမှတ်တရ ဖြစ်စေတယ်လို့ ထင်နေတဲ့ နင်နဲ့ ဘာပဲဖြစ်ဖြစ်အရှုံးပေးတတ်တဲ့ ငါ ဘယ်သူက ပိုနာကျင်ခဲ့ရမလဲလို့ နင်ဘယ်နှခါတွေးကြည့်မိဖူးလဲ။

နင်နဲ့စိတ်ဆိုး၊ စိတ်ကောက်ပြီးချိန်တိုင်း နင့်ဆီက ဖုန်းလာမလားလို့ ငါရှုးသွပ်စွာနဲ့ ဖုန်းကိုပဲ အချိန်တော်တော်ကြာ စောင့်ကြည့်ခဲ့ဖူးတယ်။ ဒါပေမယ့် မနေနိုင်တဲ့အဆုံး ငါ့ဘက်ပဲ နင့်ကို စချော့ခဲ့ရတယ်။

မနက်မိုးလင်းလို့ မျက်လုံးဖွင့်ဖွင့်ချင်း ငါပထမဆုံးစလုပ်မိတဲ့ အလုပ်တစ်ခုက ငါ့ဖုန်းထဲမှာ နင်ပို့လိုက်တဲ့ စာတစ်စောင်ကို ရှာတာပဲ။ ဒါပေမယ့် ငါ့ဆန္ဒတွေ မပြည့်တာက များပါတယ်။

ငါမကြိုက်ဘူးလို့ ပြောထားတဲ့ အလုပ်မှန်သမျှကို နင်စွဲစွဲမြဲမြဲလုပ်ဆောင်တတ်တယ်။ ငါဘယ်လိုပဲ တောင်းပန်ခဲ့ပါစေ နင်က ဆိုးမြဲတိုင်းဆိုးခဲ့တယ်။

နင့်အတွက် ကောင်းစေချင်လို့ ပြောတဲ့အရာမှန်သမျှကို ငါ့အတွက် ပြောတယ်ထင်ပြီး နင်တမင်ရွဲ့ခဲ့မှန်း ငါသိပါတယ်။ ဒါပေမယ့်လည်း နင်ဘာပဲဖြစ်ဖြစ် ငါနင့်ကိုချစ်ပါတယ်။

ငါ့ဂရုစိုက်မှုတွေကို အလေးအနက်မထားတဲ့အခါ၊ ငါ့ကို နင့်စိတ်ထဲမှာ မရှိတဲ့အခါ ငါလည်း နင့်လိုပဲ တစ်ခါတစ်ခါတော့ စိမ်းကားချင်မိတယ်။ တစ်ခါတစ်ခါ နင့်ကို နာကျည်းချင်မိတယ်။ ငါ့စေတနာတွေကို စော်ကားတဲ့ နင့်ကို တစ်ခါတစ်ခါ စိတ်နာချင်မိတယ်။ ဒါပေမယ့် ငါအဲဒါတွေကို မလုပ်နိုင်ခဲ့ဘူး။ နင့်အပေါ်ကို စွဲလမ်းလွန်းတဲ့ ငါ့ကိုယ်ငါ မုန်းတီးမှုကတော့ ချို့ယွင်းချက်ပေါ့ဟာ။

ငါ့မှာ နင်ရှိရက်နဲ့ နောက်တစ်ယောက်ထားတယ်ဆိုတာက နင့် ငါ့အပေါ် သ၀န်တိုပြီး အလေးအနက်ထားစေချင်လို့ပါ။ နင်မရှိလည်း ငါ့မှာ တခြားတစ်ယောက်ရှိတယ်ဆိုတဲ့ အသိနင့်ခေါင်းထဲကို ၀င်သွားစေချင်လို့။ ဒါပေမယ့်လည်း ငါ့ရင်ထဲမှာက နင့်ရဲ့ပုံရိပ်တွေနဲ့ပဲ ပြည့်နှက်နေခဲ့တာပါ။


ငါနင့်ဘေးကနေ နင်ဆိုးသမျှကို သည်းခံနိုင်သလောက် သည်းခံမယ်။ ငါသည်းမခံနိုင်တဲ့ တစ်နေ့ကြရင် ငါနင့်ဘေးကနေ နင့်ကို မနှုတ်ဆက်ဘဲ ထွက်သွားမှာပါ။ ငါနင့်ဘေးမှာ မရှိပေးနိုင်တော့တဲ့အခါ နင်သိပ်ပြီးတော့ ၀မ်းမနည်းပါနဲ့။ ငါမရှိလည်း နင်ဝမ်းမနည်းလောက်ပါဘူး။ နင့်အတွက်တော့ ငါ့နေရာက အစားထိုးလွယ်တာပဲလေ။

အခုချိန်ကစပြီး နင့်ကိုငါ သိပ်ပြီးမချစ်အောင် နေတော့မယ်။ နင့်ကိုချစ်ရင် ချစ်သလောက် ငါပြန်ပြီး ခံစားရလို့….

အခုချိန်ကစပြီး ငါ့ဖုန်းကို မမျှော်ပါနဲ့တော့ ငါဖုန်းဆက်တိုင်း နင့်ရဲ့ ရိသဲ့သဲ့ စကားတွေကို ကြားရတာ ငါငြီးငွေ့လာလို့…..

အခုချိန်ကစပြီး ငါ့ရဲ့စာကို မမျှော်ပါနဲ့တော့ နင့်ဆီကို စာပို့ပြီးတိုင်း နင့်ဆီက ပြန်စာကို မျှော်နေတတ်တဲ့ ငါ့အကျင့်ကို ပြင်တော့မလို့…..

အခုချိန်ကစပြီး ငါ့ရဲ့ အချစ်တွေကို နင်မြင်အောင် မကြိုးစားတော့ဘူး။ ငါ့အချစ်တွေ ပေးခဲ့တုန်းက နင်တန်ဖိုးမထားခဲ့လို့….

အခုချိန်ကစပြီး ငါ့ရဲ့ ယုယမှုတွေ ဂရုစိုက်မှုတွေကို နင့်အတွက်မဖြစ်စေတော့ဘူး။ ငါ့စေတနာတွေကို နင်အလေးအနက်မထားခဲ့လို့….

အခုချိန်ကစပြီးတော့ ငါ့ရဲ့ နေ့ရက်တွေတိုင်းမှာ နင်က မရှိမဖြစ်မဟုတ်တော့ဘူး။ နင်နဲ့ငါ အတူရှိခဲ့တဲ့ တစ်လျှောက်လုံး ငါ့နှလုံးသားက နင်ပေးခဲ့တဲ့ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ရပြီးပြီ။ ဒါပေမယ့် ငါနင့်ကို မမုန်းနိုင်ပါဘူး။ ငါဆက်ပြီးတော့လည်း ချစ်နေဦးမှာပါပဲ။ ဒီနေ့ကော၊ မနက်ဖြန်ကော၊ နောက်နေ့တွေရောမှာ နင့်ကိုချစ်တဲ့ အချစ်တွေကို အဖော်ပြုရင်း ငါ့ဘ၀ကို နင်မရှိဘဲနဲ့လည်း ဖြတ်သန်းသွားနိုင်မှာပါ….







-----------------------------------------------------------------------------------------------


    “   ချီးကျူးခံရသည်ဖြစ်စေ၊ ကဲ့ရဲ့ခံရသည်ဖြစ်စေ………”.

        လူတိုင်းတွင်ချီးကျူးစရာလည်းရှိသည်၊ ကဲ့ရဲ့စရာလည်းရှိသည်။ထို့ 
ကြောင့် ချီးကျူးခြင်းလည်းခံရမည်။ ကဲ့ရဲ့ခြင်းလည်း ခံရမည်။ ချီးကျူးခံရ
ခြင်း၊ ကဲ့ရဲ့ခံရခြင်းတို့ မှကင်းလွတ်သူဟူ၍ မည်သူမျှရှိနိုင်မည်မဟုတ်ပေ။
မည်သူမဆို ချီးကျူးခံရခြင်း၊ ကဲ့ရဲ့ခံရခြင်းတို့ နှင့် ကြုံကြရမည်သာဖြစ်ပေ
သည်။
      သူတစ်ပါးက မိမိကိုချီးကျူးမည်။ ကဲ့ရဲ့မည်။ မိမိကသူတစ်ပါးကို ချီး
ကျူးမည်။ ကဲ့ရဲ့မည်။ ချီးကျူးသူ၊ ကဲ့ရဲ့သူ၏ အထင်အမြင်အပေါ် မူတည်
ပြီး ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်းဖြစ်ပေါ်လာရသည်။ ချီးကျူးသူ၊ကဲ့ရဲ့သူ၏ အ
ထင်အမြင်ဟူသည် မှားသည်လည်းရှိမည်။ မှန်သည်လည်းရှိသည်။ ဥပ
မာအားဖြင့် လက်ဝါးတစ်ခုကို ထောင်ပြလိုက်သည်ဟုဆိုပါစို့။ လက်ဖဝါး
ဟူ၍ မြင်သူရှိမည်။ ပြောသူရှိမည်။ လက်ဖမိုးပါဟူ၍လည်း မြင်သူရှိမည်။
ပြောသူရှိမည်။ လက်ဖဝါးဟူ၍ မြင်သူ၊ပြောသူသည် လက်ဖမိုးပါဟူ၍ မြင်
သူ၊ပြောသူနှင့်ကား ဆန့်ကျင်ဘက်ဖြစ်နေ၏။ လက်ဖမိုးပါဟူ၍ မြင်သူ၊
ပြောသူကလည်း လက်ဖဝါးဟူ၍ မြင်သူပြောသူနှင့် ဆန့်ကျင်လျက်ရှိမည်
သာဖြစ်ပေသည်။
                 ချီးကျူးခြင်းအစစ်အမှန်သည် အားပေးအားမြှောက်ခြင်းဖြစ်
သည်။ ချီးကျူးခြင်းအစစ်အမှန်သည်ကား မုဒိတာဖြစ်ဖျားမှ စီးဆင်လာ၏။
အစစ်အမှန်ချီးကျူးနိုင်သူ နှလုံးအိမ်တွင် တိုးတက်ကြီးပွားစေချင်သော စေ
တနာကောင်းသည် ကိန်းတည်နေ။ မုဒိတာပွားနိုင်၏။ ကဲ့ရဲ့ခြင်းသည်အပြစ်
တင် ရှုတ်ချခြင်းဖြစ်သည်။ ကဲ့ရဲ့ခြင်းသည်ကား ကောင်းကျိုးချမ်းသာကို မလို
လားသော၊ မရှုဆိတ်သော အဘိဇ္ဈာဗျာပါဒဖြစ်ဖျားမှ စီးဆင်းလာခြင်းဖြစ်၏။
ကဲ့ရဲ့ခြင်းတွင် မွေ့လျော်သူ၏နှလုံးသား၌ နွမ်းပါးနိမ့်ကျ၊ ပျက်စီးဆုတ်ယုတ်
စေလိုသော စေတနာဆိုးသည် ကိန်းတည်နေ၏။
         အများအားဖြင့် ချီးကျူးမှုကိုသာခံယူလိုကြ၏။ ချီးကျူးပေးရန်ကိုကား
ဝန်လေးတတ်ကြ၏။ ကဲ့ရဲ့မှုကိုမလိုလားကြ။ သို့ သော်ကဲ့ရဲ့ရန်အတွက်ကား
ဝန်မလေးတတ်ကြပေ။ ချီးကျူးခံရလျှင် သာယာမိန်းမောရသည်။ ကဲ့ရဲ့ခံရ
လျှင် တုန်လှုပ်ချောက်ချားရ၏။ ချီးကျူးခြင်းကြောင့် ခံစားရသော သာယာ
မိန်းမောခြင်း၊ ကဲ့ရဲ့ခြင်းကြောင့်ခံစားရသော တုန်လှုပ်ချောက်ချားခြင်းတို့ 
သည်ကား ချီးကျူးခြင်းခံရသူ၊ ကဲ့ရဲ့ခြင်းခံရသူ၏ ဆောင်ရွက်ဆဲ့ကိစ္စ၊
လျှောက်လှမ်းဆဲ ခရီးတို့ အတွက် အဟန့်အတားများသာဖြစ်ပေသည်။
သာယာမိန်းမောနေခြင်းသည်လည်း ရပ်တန့်နေခြင်းသဘောကိုဆောင်၍
တုန်လှုပ်ချောက်ချားခြင်းသည်လည်း ရပ်တန့်ခြင်းသဘောကိုဆောင်နေ
သောကြောင့် ဖြစ်ပါသည်။
        ချီးကျူးခံရခြင်းကို သာယာမိန်းမောမနေအပ်သလို ကဲ့ရဲ့ခံရခြင်းကို
လည်း တုန်လှုပ်ချောက်ချားနေစရာမလိုပေ။ ချီးကျူးတိုင်းလည်း ဂုဏ်ယူစ
ရာချည်းမဟုတ်သလို ကဲ့ရဲ့တိုင်းလည်း တုန်လှုပ်ချောက်ချားစရာချည်းမ
ဟုတ်သည်ကို ဆင်ခြင်နှလုံးသွင်းအပ်ပါသည်။ တချို့သော ချီးကျူးခြင်း၊
ကဲ့ရဲ့ခြင်းတို့သည် အဂတိဖက်၊ ဘက်လိုက်ခြင်းမျိုးနှင့် မကင်းနိုင်သော
ကြောင့်ဖြစ်ပါသည်။ ချီးကျူးခြင်းသည် အားပေးလိုက်ခြင်းဖြစ်ရာ ချီးကျူး
ခံရသူအတွက် အားသစ်မာန်သစ်များကို တိုးပွားလာရပေသည်။ ထိုအား
သစ်မာန်သစ်တို့သည် တစ်စုံတစ်ရာသော အတိုင်းအတာအထိ ကောင်း
ကျိုးချမ်းသာကို အထောက်အပံ့ပေးနိုင်သည်ဆိုပါက “ အဟောဝတ ”
ကောင်းလေစွ။ ချီးကျူးခြင်းကြောင့် တိုးပွားလာမည်ဖြစ်သော အားသစ်
မာန်သစ်တို့ ဖြင့် လူမိုက်အားပေး လူမိုက်မွေးခြင်းမျိုးဖြစ်ပါက မခက်ပါ
လော။
             ဆောင်ရွက်ဆဲဆောင်ရွက်လတ္တံ့၊ လျှောက်လှမ်းဆဲ လျှောက်
လှမ်းလတ္တံ့ ကာလာအတွင်း၌ ချီးကျူးခံရသည်ဖြစ်စေ၊ ကဲ့ရဲ့ခံရသည်ဖြစ်
စေ သာယာမိန်းမောခြင်းကင်စွာ၊ တုန်လှုပ်ချောက်ချားခြင်းကင်းစွာဖြင့်
လားရာမပြောင်း၊ မစောင်မတိမ်း၊ မယိမ်းမယိုင်စေဘဲ ဆက်လက်ဆောင်
ရွက်ခရီးနှင်ရမည်ကို သတိမူသင့်လှ၏။
               ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက် စကားအတိုင်း ချီးမွမ်းသံသည်
လည်း ခုနှစ်ရက်ကြာလျှင် ပျောက်ကွယ်သွားပေလိမ့်မည်။ ကဲ့ရဲ့သံသည်
လည်း ခုနှစ်ရက်ကြာလျှင် ပျောက်ကွယ်သွားပေလိမ့်မည်။ မပျောက်ကွယ်မီ
ခုနှစ်ရက်တာကာလအတွင်း ချီးကျူးခံရခြင်းကို သာယာမိန်းမောနေလျှင်….၊
ကဲ့ရဲ့ခံရခြင်းကို တုန်လှုပ်ချောက်ချားနေလျှင်………. နောက်ကျကျန်ရစ်နေ
မည်မှာ သေချာပါဘိ။  ။